မြစ်တစ်စင်းသို့ တုံ့ပြန်မှု
ချင်းရိုင်မြို့က The Open World ထဲမှာ လျှောက်သွားရင်း လူအများနဲ့ သူတို့နေထိုင်ရာဒေသရဲ့ ကွဲပြားတဲ့ ပုံပြင်တွေကို ဖြတ်သန်းခဲ့တဲ့ ခရီးတစ်ခု (GMS Artist Residency)
နေမျိုးဆက်လူ ရေးသည်။
မြစ်တစ်စင်းသို့ တုံ့ပြန်မှု
ချင်းရိုင်မြို့က The Open World ထဲမှာ လျှောက်သွားရင်း လူအများနဲ့ သူတို့နေထိုင်ရာဒေသရဲ့ ကွဲပြားတဲ့ ပုံပြင်တွေကို ဖြတ်သန်းခဲ့တဲ့ ခရီးတစ်ခု (GMS Artist Residency)
နေမျိုးဆက်လူ ရေးသည်။
ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်ကနေ ချင်းရိုင်ကို တိုက်ရိုက်လေယာဉ်မရှိတော့ ရန်ကုန်-ဘန်ကောက်-ချင်းရိုင် လေယာဉ်နဲ့ သွားခဲ့ရတယ်။ ရန်ကုန်ကနေ ဘန်ကောက်အထိ ကျွန်တော်တစ်ယောက်တည်း ခရီးသွားခဲ့တာပါ။ ဒါပေမယ့် ဘန်ကောက်ကနေ ချင်းရိုင်ကို လိုက်မယ့် လေယာဉ်မှာ တခြားပါဝင်မယ့်သူနှစ်ယောက်ဖြစ်တဲ့ Thailand Biennale Chiang 2023, အနုပညာပွဲတော်ရဲ့ Artistic Director နဲ့ Residency ရဲ့ ကော်မတီဝင် ဖြစ်သူ Gridthiya Gaweewong နဲ့ ပါဝင်တဲ့ ထိုင်းအနုပညာရှင် Jeanne Penjan Lassus တို့ ကျွန်တော်နဲ့ အတူလိုက်မယ်လို့ စီစဉ်သူအဖွဲ့က အသိပေးထားတယ်။ လေယာဉ်မတက်ခင် သူတို့ကို လိုက်ရှာကြည့်တော့ သူတို့နာမည်ပဲသိပြီး ဘယ်လိုပုံပန်းသဏ္ဍာန်လဲဆိုတာ မသိတာကို သတိထားမိတယ်။
ဒါနဲ့ လိုက်မရှာတော့ဘဲ စာအုပ်ဖတ်ပြီး အချိန်ဖြုန်းနေလိုက်တယ်။ ဒါပေမယ့် ချင်းရိုင်ရောက်ပြီး အိတ်တွေ ယူတော့မှ သူတို့ကလက်ပြပြီး ကျွန်တော့်ကိုရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ကို လာကြိုတဲ့ကားနဲ့ ဟိုတယ်မသွားခင် စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်နားခဲ့တယ်။ ပူပြင်းတဲ့ အပူက ကျွန်တော်တို့ကို ကြိုဆိုခဲ့တယ်။ "ဒီအပူက ရန်ကုန်နဲ့ သိပ်မကွာပါဘူး" လို့ ကျွန်တော် တွေးလိုက်မိတယ်။ ထိုင်ပြီး မီနူးဖွင့်ကြည့်တော့ အားလုံးက ထိုင်းဘာသာစကားနဲ့ ရေးထားတာကို တွေ့ရတယ်။ အကျွမ်းတဝင်ရှိသလို လူကြိုက်များပုံရတဲ့ အမဲသားခေါက်ဆွဲကို လက်ညှိုးထိုးပြလိုက်တယ်၊ အဲ့ဒါမီနူးထဲမှာ အကြီးဆုံးပုံဖြစ်နေလို့ ဖြစ်နိုင်ပါတယ်။ ကော်ဖီအေး(အမေရိကာနို) လည်း မှာလိုက်ပြီး “အချိုမထည့်နဲ့” ဆိုတာကို သေချာပြောခဲ့တယ်။
ကျွန်တော်တို့ Amarin Resort မှာ တည်းခိုခဲ့ကြတယ်။ ကျွန်တော်က လာအိုအနုပညာရှင် Willy နဲ့ အခန်းအတူ တူနေခဲ့တယ်။ ပစ္စည်းတွေထားပြီးတော့ ကျွန်တော်တို့ ၁၃ ယောက်လုံး Orientation Session ကို သွားခဲ့တယ်။ OCAC အဖွဲ့က Kate က ပရိုဂရမ်အကြောင်း၊ အချိန်ဇယားအကြောင်း ရှင်းပြတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြရတယ်။ ကျွန်တော်က ကန်ချနဘူရီမြို့နဲ့ နီးတဲ့ ထားဝယ်မှာ မွေးခဲ့ပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့တယ်။
အနုပညာလှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ ကျွန်တော့်ရဲ့ ဇာတိမြို့မှာ တစ်စိတ်တစ်ပိုင်းစီ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်ရဲ့ လက်ရှိရုပ်ရှင်ပရောဂျက်ဖြစ်တဲ့ "All is Smoke in the End" နဲ့အတူ ဒီ residency ပရိုဂရမ်ကို ပါဝင်ခဲ့ပြီး ကျွန်တော့်နာမည်က နေမျိုးဆက်လူပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ပြောစရာရှိတာ ဒီလောက်ပါပဲ။ ဒီပရိုဂရမ်မှာ နောက်ထပ် မြန်မာအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဓာတ်ပုံဆရာ ကျော်မင်းထက်လည်း ပါဝင်ပါတယ်။ ကျန်တဲ့ အနုပညာရှင်တွေက ယူနန်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်၊ ဆိုတော့ မဲခေါင်ဒေသကြီးက နိုင်ငံတွေကပါ။
ကျွန်တော်တို့အားလုံး Welcoming Dinner မှာ ပြန်ဆုံခဲ့ကြတယ်။ ဒေသအစားအစာတွေနဲ့ နိုင်ငံအစုံက လူတွေက ဒီပရိုဂရမ်ရဲ့ ပထမဆုံးအနှစ်သာရကို ကျွန်တော့်အတွက် ယူဆောင်လာပေးခဲ့တယ်။ အနုပညာရှင်တွေနဲ့ ပရိုဂရမ်စီစဉ်သူတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ သူတို့ရဲ့ သိချင်စိတ်နဲ့ စွမ်းအင်တွေက တကယ့်ကို ကူးစက် တတ်မှန်း ကျွန်တော်တွေ့ရှိခဲ့တယ်။ သူတို့ရဲ့ ဖော်ရွေမှုက ပရိုဂရမ်ရဲ့ နောက်ရက်တွေအတွက် ကျွန်တော့်ကို စိတ်လှုပ်ရှားစေခဲ့တယ်။ ကျွန်တော့်ရဲ့ လေယာဉ်ပျံသန်းမှုကြောင့် ပင်ပန်းနွမ်းနယ်မှုတွေလည်း အံ့သြစရာကောင်း လောက်အောင် ပျောက်ကင်းသွားခဲ့တယ်။ ထိုင်းနိုင်ငံချင်းရိုင်မြို့မှာပြုလုပ်တဲ့ Thailand Biennale 2023 က အနုပညာရှင် စုစုပေါင်း ၆၀ လောက်ပါ၀င်ပြီး residency မှာ သူတို့ထဲက ၃၅ ယောက်ကို အားရပါးရ ချီးကျူးခွင့် ရခဲ့တယ်။
Inflatable Air Stupa, sculpture by Baan Noorg Collaborative Arts and Culture (လေသွင်းမသွင်းခင်နှင့် လေသွင်းပြီးနောက်မြင်ကွင်းများ)၊ ဓာတ်ပုံ - စာရေးသူ
ရှေးဟောင်းအဆောက်အအုံအမှတ် ၁၆ ကို ကျွန်တော်တို့ ပထမဆုံးသွားရောက်ခဲ့ပါတယ်။ Baan Noorg Collaborative Arts and Culture ရဲ့ Tai Yuan Return ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ Inflatable Air Stupa က ကျွန်တော့်ရဲ့ စိတ်ကို ပထမဆုံး ဖမ်းစားနိုင်ခဲ့တယ်။ ပျက်စီးမှုတွေက ယဉ်ကျေးမှုနဲ့ ရှုပ်ထွေးမှုတွေကို ပြန်သတိရစေတယ်။ သမိုင်းကြောင်းကတော့ ကျွန်တော်တို့ကြားက တူညီမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားမှုကတော့ ကျွန်တော်တို့ရဲ့ သမိုင်းက ထပ်ခါတလဲလဲ ဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။
ကျွန်တော်တို့ ခရီးစဉ်ကို Golden Triangle (ရွှေတြိဂံဒေသ) ကို ဆက်ခဲ့တယ်။ ကျွန်တော့်ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ရွှေတြိဂံဒေသကို မြင်တွေ့ရတာက ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။
Navin Rawanchaikul & StudiOK’s Once Within Borders, Photo by AMH, SOCA Project. 2023
“Navin Rawanchaikul & StudiOK’s Once Within Borders” လို့ ခေါ်တဲ့ ပန်းချီကားကြီးက ရွှေတြိဂံဒေသမှာ ထင်ရှားစွာရှိနေသေးတဲ့ မတူညီတဲ့ လူမျိုးစုတွေနဲ့ မျိုးဆက်တွေကို သရုပ်ဖော်ထားတယ်။ King’s Roman Casino နောက်ခံနဲ့ မဲခေါင်မြစ်ရဲ့ မြင်ကွင်းကတော့ ဒီနေ့ခေတ်ရဲ့ တကယ့်ကို ခါးသီးလှောင်ပြောင်မှုပါပဲ။
Black House၊ ကွယ်လွန်သူ ပန်းချီဆရာ Thawan Duchanee ရဲ့ ပြတိုက်-စတူဒီယိုမှာတော့ အမျိုးသမီးအနုပညာရှင် ၄ ဦးရဲ့ လက်ရာတွေကို ပြသထားပြီး ကျွန်တော့်ကို အရောင်တွေနဲ့ ပုံဖော်မှု၊ သေဆုံးမှုနဲ့ အခမ်းအနားတွေအကြောင်း ပြန်လည်တွေးတောမိစေတယ်။ Busui Ajzaw ရဲ့ Mor Doom and Ya Be E Long (2023) နဲ့ စိုးယုနွယ်ရဲ့ Inspirations from Shan State (2023) တို့ကို ဘေးချင်းကပ်လျက် ချထားတာက ကျွန်တော့်ကို စိတ်ဝင်စားစေခဲ့တယ်။ သူတို့က မတူညီတဲ့ လူမျိုးစုတွေရဲ့ ယုံကြည်မှုတွေနဲ့ ဓလေ့ထုံးတမ်းတွေကို မတူညီတဲ့ ပုံစံတွေနဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုဘာသာပြန်ထားလဲဆိုတာ ကျွန်တော်တွေ့မြင်ခဲ့ရပါတယ်။
Busui Ajzaw’s Mor Doom and Ya Be E Long (2023) ဓာတ်ပုံ - စာရေးသူ
ကျွန်တော်တို့ Bann Mae Ma ကျောင်းမှာ Apichatpong Weerasethakul ရဲ့ Motion Pictures (2023) ကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။ စွန့်ပစ်ထားတဲ့ စာသင်ခန်းထဲက ပရိုဂျက်တာနဲ့ သူ့ရဲ့ရုပ်ရှင်ကို ကြည့်ရတာက ကျွန်တော့် ကို နောက်တစ်ဘက်ကမ္ဘာကို ရောက်သွားသလို ခံစားရစေပြီး အချိန်နဲ့ နေရာလွန်ကဲတဲ့ အခြေအနေတစ်ခုကို အိပ်မက်မက်နေသလို ဖြစ်စေခဲ့တယ်။ ဆက်လက်ပြီး Ho Tzu Nyen ရဲ့ “Opium” အမည်ရှိ ၁၀ မိနစ်ကြာ ဗီဒီယိုပြသမှုက ရွှေတြိဂံရဲ့ သမိုင်းနဲ့ စင်ကာပူရဲ့ ပေါ်ထွက်လာမှုကြားက ဆက်စပ်မှုကို ရှင်းပြတဲ့ ဇာတ်ကြောင်းကို တင်ဆက်ထားတယ်။
ပြပွဲပြီးတဲ့နောက် ဧပြီ ၂၇ ရက်နေ့မှာ ချင်းရိုင်က Mekong School ကို သွားခဲ့ကြပါတယ်။ Mekong School ရဲ့ ရှေ့က မဲခေါင်မြစ်ထဲမှာ Nguyen Trinh Thi ရဲ့ ရေတာဘိုင်နဲ့ ရေအောက်မိုက်ခရိုဖုန်းကို တွေ့ရပါတယ်။ ကိရိယာတွေကနေ ထုတ်လွှင့်တဲ့ ဒေတာတွေကို Haw Kham ခန်းမထဲက တူရိယာတွေကနေ စုဆောင်းပြီး တူရိယာအသံအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် Haw Kham ကို တိုက်ရိုက်ပြဇာတ်ရုံတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ကျွန်တော်တို့ Mekong School ရဲ့ ဒါရိုက်တာ Niwat Roykaew နဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ မြစ်ပေါ်က ကျောက်တုံးတွေရဲ့ အရေးပါပုံ၊ ဒေသခံတွေအတွက် ငါးမလုံလောက်ပုံ၊ ဆည်တည်ဆောက်ရေးပရောဂျက်ကြောင့် ပတ်ဝန်းကျင် ပျက်စီးမှုတွေအကြောင်းကို သူက ပြောပြခဲ့ပါတယ်။
မဲခေါင်မြစ်ထဲက လှေစီးခြင်း၊
ထိုင်းနဲ့ လာအိုနယ်စပ်ကနေ သွားနေတာက ကျွန်တော့်ကို အတွေးအခေါ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လမ်းကြောင်းတစ်ခုဆီ ခေါ်ဆောင်သွားတယ်။ မြစ်က ကျွန်တော့်ကို ရှေးယခင်ဘိုးဘေး တွေအကြောင်း မေးနေသလိုပါပဲ။ အဲ့ဒီအမှတ်တရက ကျွန်တော့်ကို “မြစ်ကြမ်းပြင် ဓာတ်ပုံကော်လဂျ်” လို့ ခေါ်တဲ့ ကဗျာတစ်ပုဒ်ကိုရေးဖို့ အားပေးခဲ့တယ်။ ကျွန်တော်က မြန်မာလိုရေးပြီး ချက်ချင်း အင်္ဂလိပ်လို ပြန်ဆိုခဲ့တယ်။
Residency ကာလအတွင်းမှာ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေသုံးပြီး ဗီဒီယိုအတိုလေးတစ်ခုဖန်တီးပြီး ကျွန်တော့်ကဗျာကို ရွတ်ဆိုပြီး အသံအဖြစ် အသုံးပြုခဲ့တယ်။ မဲခေါင်မြစ်ထဲက ကျောက်တုံးတစ်တုံး ဓာတ်ပုံ - စာရေးသူ ကဗျာကို residency ရဲ့အဆုံးသတ်မှာ ပြသမှု session မှာ တင်ပြခဲ့ပါတယ်။ Gridthiya Gaweewong နဲ့ Rirkrit Tiravanija တို့ ဦးဆောင်တဲ့ curatorial အဖွဲ့ရဲ့ မှတ်ချက်တွေက တကယ်ကို စိတ်အားတက်စရာပါပဲ။
မေလမှာ ကျွန်တော် ရန်ကုန်ကို ပြန်ရောက်လာပြီး ဒီကဗျာကို ထိုင်းဘာသာစကားနဲ့ ပြန်ဆိုခဲ့တယ်။
|| မြစ်အောက်ကြမ်းပြင် Photo Collage ||
ရှေ့မှာ မြစ်။
မြစ်ဟာ စဉ်းတီတုံးပေါ်မှာ ပက်လက်လန်နေတယ်။
ဓားသွားဟာ လေထဲကို မြှောက်သွားပြီး၊ အောက်ပြန်ကျဖို့ကို စဉ်းစားနေတယ်။
မြစ်အောက်ကြမ်းပြင်ဟာ ငါ့ကို စိုက်ကြည့်နေတယ်။
ငါကလည်း မြစ်အောက်ကြမ်းပြင်ကို ပြန်စိုက်ကြည့်နေတယ်။
ဟိုးထား၊ မပိုင်းလိုက်နဲ့ဦး။
ရှေ့မှာ မြစ်။
အဲဒီမြစ်တစ်လျှောက် ငါစီးတော့ ကမ်းစပ်မှာ ငိုယိုနေတဲ့ ကျောက်တုံးတွေကို တွေ့ရှိရတယ်။
ကျောက်တုံး တစ်တုံးက အော်ပြောတယ်၊ ကျွန်မကို ကယ်ပါ၊ ကျွန်မကို ကယ်ပါ၊ နဂါးအဖေကြီးက ကျမကို အတင်းအိမ်ထောင်ချပေးဖို့ လုပ်နေတယ်။
နောက်ကျောက်တုံးက ဝင်ပြောတယ်၊ ဒီလူတွေ ငါတို့ သစ်သီးတွေကို ကောက်ကောက်သွားတာ ဘယ်တော့ အဆုံးသတ်မှာလဲ။
ဒီစကားကို ကြားတော့ လှော်နေတဲ့ လှေဟာ မိုးပေါ် ထောင်တက်သွားတယ်။
တိမ်ပင်လယ်ထဲ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး မိုးဥတုလို့ ယူဆရတဲ့နေရာမှာ
ပိုက်ကွန်ကို ပစ်ခဲ့တယ်။
အောက်ငုံ့ကြည့်တော့ ရထားဟာ မြွေလိုပဲ ရေပေါ်မှာ ရွေ့နေတယ်။
လေပေါ်မှာ ဘုရားက ငါတို့ကို မေ့လျော့နေကြ။
မြေပေါ်မှာ နဂါးမင်းသမီးလေးဟာ သူ့ကို ရှာမတွေ့အောင် ပုန်းနေတယ်။
ရေအောက်ကြမ်းပြင်က ဖမ်းမိတဲ့ အသံနဲ့ တောအုပ်ကို ဆုပန်ပြီး၊ ဓာတ်ပုံတွေနဲ့ ပင်လယ်ကို ချော့သိပ်တယ်။
အနီရောင်ဆေးသားဟာ ရေအောက်မီးတောင်ကနေ စိမ့်ပြီး ပန်းထွက်နေတယ်။
သစ်ခုတ်သမားရဲ့ပုဆိန်ဟာ ဘိန်းထိုးပြီး ရေအောက်က ကျောက်တုံးရဲ့ဘေးမှာ ခွေခွေလေး မှိန်းနေတယ်။
ဆုပ်ကိုင်လို့ရတဲ့ အရာအဖြစ် အသွင်ပြောင်းခံလိုက်ရတာကြောင့် အိပ်မက်တွေဟာ ညောင်ပင်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းစွပ်ပြီး တက်ညီလက်ညီ အဆုံးစီရင်လိုက်ကြတယ်။
မိုးကုတ်စက်ဝိုင်းမှာ ချိတ်ဆွဲထားတဲ့ ဆိုင်ပိတ်ပြီ ဆိုတဲ့ ဆိုင်းဘုတ်ဟာ ဘာရည်ရွယ်ချက်လဲ။
သန်မာထွားကျိုင်းတဲ့ လူတွေဟာ မြစ်ဆီကို ရောက်လာပြီး ပါးစပ်ပေါက်ပါတဲ့ တိမ်တွေကို စွန့်ပစ်ခဲ့တယ်။
နောက်တစ်နေ့မနက်မှာ တစ်မြို့လုံးရဲ့ပြတင်းပေါက်တွေမှာ လက်သည်းရာတွေ။
လူတွေ အချင်းချင်း မျက်နှာ စုံညီပြီဆိုတာနဲ့ တခေါင်း မဟုတ် တခေါင်းက ထပေါက်ကွဲ။
နောက်တစ်ခေါင်း သွားပြီ၊
နောက်တစ်ခေါင်း သွားပြီ။ ။
အိမ်ပြန်ပြီး နားဦးမယ်၊ ကျွဲအရေခွံကို အနွေးထည်လို ခြုံပြီး နဂါးမလေးဟာ ငါ့ကို စောင့်မျှော်နေလောက်ပြီ။
ဒီနဂါးမလေးကို ငါ ဖွက်ထားပေးမှန်း သူ့ရဲ့ နဂါးဖေဖေကြီးကသာ သိသွားရင် ဗိုက်ပေါက်ထွက်သွားအောင်ထိ ဒီမြစ်ရေတွေကို ငါ သောက်ရလိမ့်မယ်။
ပြန်စရာအိမ် ပျောက်ဆုံးတဲ့ ငါးတွေဟာ ငါ့ကို ကျိန်ဆဲကြဦးမယ်။
ငါ မကြောက်ပါဘူး၊ ကျောက်တုံးယောင်ဆောင်ထားတဲ့ နဂါးမလေး ငါ့ဘေးမှာ ရှိတယ်။
ငါ မကြောက်ပါဘူး၊ ငါ့မှာ ဖြူနေတဲ့ ဆံပင်တွေနဲ့ ညှပ်လို့ မကုန်နိုင်တဲ့ လက်သည်းတွေ ရှိတယ်။
ငါ မကြောက်ပါဘူး၊ ငါ့လက်သည်းတွေကပဲ ငါ့ကို ပြန်စားသွားလိမ့်မယ်။
ငါ မကြောက်ပါဘူး၊ ဆန်စေ့လည်ဆွဲကို နဂါးမလေးအတွက် လက်ဆောင်ပေးထားတယ်။
မြစ်အောက်ကြမ်းပြင်မှာ ငြိမ်ပြီး ထိုင်နေလို့ကတော့ အလကားပဲ။
ဒီတော့ ကျောက်တုံးနဲ့ ခေါင်းကို ထုထည့်လိုက်ရမလား။
မြစ်က တားတယ်၊ သူ့အသားထဲမှာ သွေးတွေက ပြည့်နှင့်နေပြီ။
ရေတံခွန်လိုပဲ၊ မြစ်က သွေးတွေကို အန်ချတယ်။
နတ်ဝင်သည်က ပုလွေမှုတ်တယ်။
ကလေးတွေက လိပ်ပြာတွေ ဖြစ်သွားတယ်။
ထို့နောက် လှိုင်းတံပိုးတွေက ငါတို့အားလုံးကို သယ်ဆောင်သွားပြီး ရုပ်ထုရဲ့ ခြေတော်ရင်းမှာ ထားခဲ့တယ်။
ပြီးတော့ အသက်ထွက်တဲ့အထိ ချောင်းကို တဟွတ်ဟွတ် ဆိုးစေတော့တယ်။
သေဆုံးပြီးနောက် မြစ်ထဲမှာ လည်ပတ်လို့ရအောင် အားလုံးအတွက် ဆင်ရိုးနဲ့လုပ်ထားတဲ့ အခေါင်တွေကို မြစ်ကိုယ်တိုင်က စီစဉ်ပေးထားတယ်။
နောက်ဘဝဆိုတာ ရှိသေးရင် မြို့ခံသူဌေးတစ်ယောက်ယောက်ရဲ့အိမ်ရဲ့အလှဆင် ဧည့်ခန်းထဲမှာ
လူမသိ သူမသိ ကျောက်တုံးတွေ အဖြစ် ပြန်လည်ဆုံစည်းချင်သေးတဲ့အကြောင်း ကျနော်တို့ ပြောဖြစ်တယ်။
…
နေမျိုးဆက်လူ
2024, Chaing Rai,
GMS Residency (April 23 – 30, 2024)
Thailand Biennale Chaing Rai 2023
Note:
This essay is supported by the Initial Museum of Contemporary Art Myanmar and the Aura Asia Art Foundation, 2025.