ခေတ်ပြိုင်အနုပညာ၏ အနှစ်သာရနှင့်
'ရှိ' ခြင်း၏အဓိပ္ပာယ်
ခေတ်ပြိုင်အနုပညာ၏ အနှစ်သာရနှင့်
'ရှိ' ခြင်း၏အဓိပ္ပာယ်
သန်းထွဋ်ကျော် (သန်းဆန်) ရေးသားသည်။
PSYCHE, Installation by Sai Moon, at SHI Exhibition, Doh Eain Space, Yangon, 2023.
ရန်ကုန်မြို့လယ်ရဲ့ လမ်းမတွေကို ဘတ်စ်ကားတစ်စီးနဲ့ ဖြတ်သန်းသွားလာနေရင်း၊ ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်လိုက်တယ်။ ရှေးဟောင်းအဆောက်အအုံတွေရဲ့ အုတ်နီခဲရောင်နံရံတွေက အချိန်ရဲ့အရောင်အသွေးတွေကိုရစ်ပတ်ထားသလိုပဲ။ အဲ့ဒီနေ့ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက် စနေနေ့ပါ။ Goethe Institute နဲ့ “Shi” ပြပွဲရဲ့ ပူးပေါင်းစီစဉ်မှုဖြစ်တဲ့ Bus Art Tour မှာ ကျွန်တော် ပါဝင်ဖြစ်ခဲ့တဲ့နေ့။ ကားတစ်စီးထဲမှာ လူတွေဟာ အနုပညာကို လိုက်လံရှာဖွေနေကြသလိုပဲ၊ ရန်ကုန်မြို့ကြီးကိုယ်တိုင်ကလည်း သူ့ရဲ့ မရေမရာတဲ့အနာဂတ်နဲ့အတူ၊ ကျွန်တော်တို့ကို အနုပညာရဲ့အဓိပ္ပာယ်ကို လက်တွေ့ပြသနေသလို ခံစားရတယ်။
“Shi” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြပွဲက ၄၄ ရက်ကြာမြင့်ခဲ့တယ်၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ရက်အထိ။ မြန်မာ့ခေတ်ပြိုင်အနုပညာသမိုင်းမှာ အကြာဆုံးပြပွဲတွေထဲက တစ်ခုလို့ ပြောလို့ရတယ်။ မြို့လယ်ကရှေးဟောင်းအဆောက်အအုံ ၆ ခုမှာ ခေတ်ပြိုင်အနုပညာလက်ရာပေါင်း ၄၀ ကျော်ကို ပြသထားတယ်။ တစ်နေ့တည်း၊တစ်နေရာတည်းမဟုတ်ဘဲ၊ အချိန်နဲ့ နေရာကိုဖြတ်သန်းပြီး လှည့်လည်ကြည့်ရှုရတဲ့ အတွေ့အကြုံက အဲဒီပြပွဲရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်ခဲ့တယ်။ ဘတ်စ်ကားနဲ့ လှည့်လည်ကြည့်ရတဲ့ ရည်ရွယ်ချက်က အနုပညာလက်ရာတွေရှိရာကို ကျွန်တော်တို့ရောက်ရှိဖို့ တစ်ခုတည်းမဟုတ်ဘဲ၊ ခေတ်ပြိုင်အနုပညာရဲ့သဘောသဘာဝကို ကိုယ်တိုင်ခံစားနားလည်ဖို့အတွက်လို့ ကျွန်တော်ခံစားမိတယ်။ ရွေ့လျားနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း၊ ကျွန်တော်တို့ဟာ အချိန်၊ နေရာ၊ဖြစ်ရပ်၊ စိတ်အာရုံတွေရဲ့ ရွေ့လျားမှုထဲကို တစ်သားတည်း စီးမျောလိုက်ပါသွားခဲ့ကြတာပါပဲ။ “ရှိခြင်း” ရဲ့ အဓိပ္ပာယ်ဟာ ရုပ်ဝတ္ထုတစ်ခုတည်းမှာ တည်ရှိတာမဟုတ်ဘဲ၊ အဖြစ်အပျက်တစ်ခုလုံးရဲ့ လှုပ်ရှားမှုနဲ့ တည်ရှိမှုထဲမှာ နက်နက်ရှိုင်းရှိုင်း ရောယှက်နေတယ်ဆိုတာကို ဒီအတွေ့အကြုံက ဖော်ပြနေသလိုပဲ။
ဝီလျံ ဆာမာဆက် မောဂမ် (W. Somerset Maugham) ရဲ့ The Gentleman in the Parlour ထဲက ခရီးသွားခြင်းဆိုတာရောက်ရှိခြင်းမဟုတ်ဘဲ၊ ချန်ထားရစ်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ အတွေးအမြင်ကို ဒီနေရာမှာ ချဲ့ထွင်တွေးကြည့်ချင်မိတယ်။ခရီးတစ်ခုထွက်တာဟာ ကျွန်တော်တို့ရဲ့ အရင်ကအသိဉာဏ်၊ ခံစားမှု၊ ဆုံးဖြတ်နိုင်စွမ်းတွေကို ခဏတာ ချန်ထားရစ်ခဲ့ပြီး၊ အဲဒီခရီးကနေရလာမယ့် မသိသေးတဲ့အရာတွေကို လူသစ်တစ်ယောက်လို လေ့လာသင်ယူဖို့ပဲ။ ဒါဟာ ခေတ်ပြိုင်အနုပညာကို လက်ခံခံစားရာမှာလည်း အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ အနုပညာနဲ့ပတ်သက်တဲ့ ကြိုတင်အမြင်တွေ၊စည်းမျဉ်းတွေကို ခဏတာမေ့ထားပြီး၊ လုံးဝအသစ်အဆန်းဖြစ်တဲ့ အတွေ့အကြုံတွေဆီ စိတ်ကိုဖွင့်ပေးဖို့ လိုအပ်တယ်။ဒီလိုပွင့်လင်းတဲ့စိတ်ထားက ခရီးသွားသူတွေလိုပဲ၊ ခေတ်ပြိုင်အနုပညာကို ရင်ဆိုင်တဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုကို မွေးဖွားပေးနိုင်တာပါ။
“ရှိခြင်း” လို့ အဓိပ္ပာယ်ရတဲ့ “Shi” (ရှိ) ဆိုတဲ့ စကားလုံးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီစကားလုံးဟာ တခြားစကားလုံးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အဓိပ္ပာယ်အမျိုးမျိုးကို ဖန်တီးပေးတယ်။
တည်ရှိ (Exist)
ရောက်ရှိ (Arrive)
ထွက်ရှိ (Produce)
တွေ့ရှိ (Find)
ရရှိ (Get)
လက်ရှိ (Current) ဒီပေါင်းစပ်မှုတွေဟာ ပြပွဲကိုယ်တိုင်ရဲ့ သဘောသဘာဝကို ရောင်ပြန်ဟပ်နေတယ်။
အနုပညာလက်ရာတွေဟာ ရှေးဟောင်းအဆောက်အအုံတွေထဲမှာ တည်ရှိ နေခဲ့တယ်။ ကျွန်တော်တို့ဟာ ဘတ်စ်ကားနဲ့လှည့်လည်ရင်း အနုပညာလက်ရာတွေဆီ ရောက်ရှိ ခဲ့ကြတယ်။ ပန်းချီပညာရှင်တွေရဲ့ ဖန်တီးမှုတွေကနေအနုပညာအသစ်တွေ ထွက်ရှိ လာခဲ့တယ်။ ကျွန်တော်တို့ဟာ မမျှော်လင့်ဘဲ အနုပညာအတွေ့အကြုံတွေကို တွေ့ရှိခဲ့ကြပြီး၊ အနုပညာရဲ့အနှစ်သာရကို ရရှိ ခဲ့ကြတယ်။ ဒါတွေအားလုံးဟာ “လက်ရှိ” ကာလမှာ ဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံတွေပဲ။ ဒီလိုမျိုး ရှိခြင်းရဲ့အနုပညာကို အချိန်နဲ့နေရာရဲ့ လှုပ်ရှားမှုအောက်မှာ အဓိပ္ပာယ်အမျိုးမျိုးနဲ့ဖော်ပြပေးနိုင်တာဟာ ခေတ်ပြိုင်အနုပညာရဲ့ ထူးခြားတဲ့စွမ်းအားတစ်ခုပါပဲ။
ဒီပြပွဲကို စီစဉ်ထားတဲ့ပုံစံကလည်း အထူးခြားဆုံးပါ။ ဒို့အိမ်၊ အရသာခံ၊ လောကနတ်၊ ကာလစ၊ Myanm/art စတဲ့နေရာတွေမှာ ခေတ်ပြိုင်အနုပညာတွေကို တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားရစေခဲ့တယ်။ အဲဒီနေရာတွေဟာ အရင်ကခေတ်ဟောင်းအဆောက်အအုံတွေဖြစ်ပြီး၊ အခုအခါမှာ ခေတ်ပြိုင်အနုပညာတွေရဲ့ အိမ်ဖြစ်လာခဲ့တယ်။ ဒီအစီအစဉ်ဟာ ရှေးဟောင်းအဆောက်အအုံတွေကလည်း ခေတ်ပြိုင်အနုပညာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်မွေးဖွားလာနိုင်တယ်ဆိုတဲ့ အတွေးကို ပေးတယ်။ နေ့လည်စာကိုတောင် ဝန်ကြီးများရုံးဟောင်းမှာ စီစဉ်ပေးခဲ့တာက သမိုင်းရဲ့အနံ့အသက်တွေကြားထဲမှာ ခေတ်ပြိုင်အနုပညာကို မြည်းစမ်းရသလိုပဲ။ အနုပညာဆိုတာ အသစ်အဆန်းတစ်ခုတည်းမဟုတ်ဘဲ၊ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပေါင်းစပ်ပြီး အဓိပ္ပာယ်အသစ်တစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာကို ကျွန်တော်တို့ လက်တွေ့ခံစားခဲ့ရတယ်။
ပြခန်းတွေ ဖွဲ့စည်းပုံက အမျိုးအမည်စုံလင်ပြီး ခေတ်ပြိုင်အနုပညာရဲ့ ကျယ်ပြန့်တဲ့ ရပ်ဝန်းကို တပြိုက်နက်တရက်တည်းမှာကြုံတွေ့စေလိုတယ်။
....
ကျနော်မှတ်မိသလောက်က တခဏပြ/ ရှိ (performance art ) ၊ အနုပညာရှင်/ ရှိ၊ (artist talk) ၊ ဗီဒီယိုရုံ(screening ) / ရှိ၊ ဂီတ/ရှိ၊ အနုပညာစာတမ်းဖတ်ပွဲ/ရှိ၊နေရာများနဲ့စကားစမြည်/ရှိ စတဲ့ ခင်းကျင်းပြသစုံလင်စွာထားရှိခဲ့ပါတယ်။ နောက်ပိုင်းသိရသလောက် ၁၃ မျိူးထိ ပြသခဲ့တယ်ဆိုတာပဲ။ ရှိ အမျိုးအစားအောက်မှာပဲ ပွဲအဖွင့်၊ ပြခန်းနေရာ၊လက်ရာစကားဝိုင်း၊ အနုပညာရှင်စကားဝိုင်း၊ တခဏပြ၊ဘတ်စ်ခရီး၊ ပြခန်းရှင်တွေစကားဝိုင်း၊ ရုပ်ရှင်၊ဂီတ၊အနုပညာစာမူဖိတ်ခေါ်ခြင်း၊ resume ဆက်လက်၊ အနုပညာစာတမ်းဖတ်ပွဲ၊ ပြပွဲအပိတ် စသဖြင့်ထဲထဲဝင်ဝင်ထည့်ဝင်ထားတာတွေ့ရပါတယ်။
ဒါတွေကို ကျွန်တော် ဒီလိုစဉ်းစားမိတယ်။ မျက်မှောက်ခေတ် ရဲ့ အနုပညာတွေ့ကြုံခံစားမှုဆိုတာ ကိုရီးယားစာရေးဆရာမဟန်ကန် ရဲ့ အာရုံစူးစမ်းခံစားမှု sensual feeling သဘောသက်ရောက်ပါတယ်။ ဟန်ကန် က သူမ အနေနဲ့ ပြင်ပ အကြောင်းအရာတခုခုကို ရေးတော့မယ်ဆိုရင် အဲ့အရာ ရဲ့ ဒိုင်မေရှင်း ပေါင်းများစွာကို တပြိုက်နက်တည်း( အမြင်၊အကြား၊အသံ၊အထိအတွေ့၊ အနံ့ ) စတာတွေကိုပါ ခံစားပြီး စွဲထင်ကျန်ရစ်တဲ့အထိ မှတ်ဉာဏ်ကိုပုံဖော်ပါတယ်။ ပင်လယ်အကြောင်းရေးရင် ပင်လယ်ရေပြင်ကို ကြည့်တယ်။ လှိုင်းသံကို နားထောင်တယ်။ ဆားနံ့ပါတဲ့ လေကို ရှူရှိုက်တယ်။ သဲသောင်ပြင်ထဲမှာ ခြေထောက်ကို ထိုးဖွပြီး ကျောက်ဆောင်တွေကို ပွတ်တိုက်တယ်။ ဒါတွေဟာ မျက်မှောက်ခေတ် အနုပညာရဲ့ အရေးပါဆုံး တပြိုက်နက်တည်းတွေ့ကြုံခံစားမှုတခု လည်းဖြစ်ပါတယ်။
ယခု ရှိ/ပြပွဲဟာ ဆိုရင်လည်း စုံလင်စွာ အနုပညာလက်ရာကိုမြည်းစည်းဖို့ထက် တပြိုင်နက်တည်း အာရုံခံစားမှုကို ပိုလေးနက်ပေးချင်လို့ စီစဉ်ထားတယ်လို့ ယူဆမိပါတယ်။ ပြခန်းနေရာတွေကို လည်း ဂရုတစိုက်နဲ့ သေချာလေး သမိုင်းကြောင်းဆိုင်ရှာ ဖြစ်တည်မှူနဲ့ မျက်မှောက်ခေတ်ရဲ့ အငွေ့အသက် အနုပညာဆိုင်ရာ ချိတ်ဆက်မှုတွေကိုလည်း တအံ့တဩ တွေ့မိပါတယ်။ အနည်းငယ်ဖော်ပြရမည် ဆိုလျှင် - Goethe institute (ရေခဲဆိုင်/ရှိ) ဟာ ဆိုရင်လည်း ၁၉၅၉ လောက်ကတည်းက အနုပညာရေခံမြေခံပျိူးထောင်ပေးရာမှာ တတပ်တအားပါဝင်ပြီး သမိုင်းစဉ်လာအရ အရှေ့တောင်အာရှ မှာ ပထမဦးဆုံးတည်ထောင်ခဲ့တဲ့ Goethe institute တခုဖြစ်ပါတယ်။
......
ထို့နည်းတူစွာ ပြခန်း နေရာစီစဉ်ပေးတဲ့ ဒို့အိမ်သည်လည်း အများပြည်သူဆိုင်ရာနေရာတွေကို ဖန်တီးခြင်း၊မွမ်းမံခြင်း၊တိုးတတ်ကောင်းမွန်အောင်လုပ်ခြင်း စတဲ့ ဒေသန္တရ စီးပွါးရေးလုပ်ငန်းတခုလည်းဖြစ်ပါတယ်။ မြို့ပြတွေရဲ့ ဒီဇိုင်းပုံစံကို အသုံးပြုသူတွေပါ ပါဝင်ဖန်တီးနိုင်အောင်ပုံဖော်နေတဲ့အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။၄၁ လမ်း ရော ၄၇ လမ်းမှ ဒို့အိမ်အဆောက်အုံတွေဟာ သမိုင်းဆိုင်ရာအမွေအနှစ်ကို မျက်မှောက်ခေတ်ကာလမှာ ပြန်လည်ရှာဖွေခြင်းဆိုင်ရာ စိတ်ဝိဉာဉ်နှင့်တွဲလျှက် ကပ်ပါလာခဲ့တယ်။
အလားတူလောကနတ်ပြခန်းဟာဆိုရင်လည်း ၁၉၇၁ မှာတည်ထောင်ပြီး ရန်ကုန်ရဲ့ ရှေးအကျဆုံးပြခန်းတခုလည်းဖြစ်တယ်။ အနုပညာ ဝိဉာဉ်ရယ် သမိုင်း စိတ်အလျှင်ကိန်းအောင်းနေတဲ့ ပန်းဆိုးတန်းမှာယနေ့ခေတ် ပြိုင်အနုပညာလက်ရာတွေကိုထိတွေ့ဖို့ တပတ်ပြန်လည်လာခဲ့တာပါပဲ။
သမိုင်းဝင်အမွေအနှစ် နှင့် မျက်မှောက်ခေတ်ရဲ့ ယှဉ်တွဲနေထိုင်မှုပြယုဂ်အဖြစ်တည်ရှိနေတဲ့ အနုပညာပြခန်းတွေအနေနဲ့ဆို ကလဆာ ပြခန်းကိုပဲ တည်ရှိမှုအနေနဲ့ ထည့်ထားပါတယ်။ အနုပညာရှင် ကိုထူးအောင်ကျော်နဲ့ သူဇနီးတို့ art studio အနေနဲ့ စတင်ခဲ့ပြီးနောက်ပိုင်းမှာ ပြခန်းအဖြစ်ပုံဖော်ခဲ့ပါတယ်။ စိတ်ဝင်စားစရာတခုက အဲ့ပြခန်းလေးမှာ စုဆောင်းခြင်းဆိုတဲ့ အမွေအနှစ်ကို တစိတ်တဒေသ စာကြည့်တိုက်ငယ်အဖြစ်ပြောင်းလဲထားပြန်သေးတယ်။
ခေတ်ဆန်ပြီး ခေတ်ပြိုင်အငွေ့အသက်ရဲ့ တည်ရှိမှု တခုအဖြစ် Myanm/art ဟာ ၂၀၁၆ ကမှ တည်ထောင်ခဲ့ပြီး အသစ်သစ်သော စမ်းသပ်ခြင်းအနုပညာ ဆိုင်ရာ လှုပ်ရှားမှု /၊ ပြပွဲများကိုလည်း ပင်တိုင်ကျင်းပတဲ့နေရာတခုလည်းဖြစ်တယ်။
နောက်ဆုံးအနေနဲ့ မြို့ပြယဉ်ကျေးမှု တခုရဲ့ အနှစ်အသားဖြစ်တဲ့ လက်ဖက်ရည်ဆိုင် ဖြစ်ပြီး အဆိုပါဆိုင်မှာ အနုပညာ ဖန်တီးသူများဆုံရာ ရပ်ဝန်းငယ်တခုအဖြစ်တွေ့ရတဲ့ အရသာခံ ပဲ ဖြစ်ပါတယ်။အနုပညာလက်ရာတွေထဲက မှတ်မိနေတဲ့အရာတွေက ကျွန်တော့်စိတ်ထဲမှာ ကွဲပြားတဲ့ ပုံရိပ်တွေကို ဖြစ်ပေါ်စေတယ်။
.....
အဆိုပါတနေ့တာ ကျွန်တော် ရဲ့ အနုပညာခံစားမှုအတွေ့အကြုံကို ပြန်လှန် ငေးကြည့်ရမယ်ဆိုလျှင် ပထမဦးဆုံး Goethe institute မှာ ဆိုက်ရောက်ပြီး ဝယ်ယူထားတဲ့ Bus ဘတ်စ်ကားလတ်မှတ်ကို ထုတ်ယူပြီး မော်တင်ရှိ Myanm/ Art ကို သွားရောက်ကြပါတယ်။ အဲ့မှာ အဓိက တွေ့ကြုံမိတာတော့ ယနေ့ခေတ်ရဲ့ အိပ်မက်ဆန်ဆန် ဆူရီရယ်လ် ပန်းချီကားတွေပေါ်မှာ တခြား အပိုင်းအစတခုခုတွေနဲ့ ဖျတ် ညှပ်ကပ် လုပ်ထားတာ တွဲဆက်ထားတာ။ ရုတ်တရက် မဆက်စပ်မှု ဘူးထင်ရပေမဲ့ အမှတ် တစ်မှတ် အစပြု ဆက်စပ်မှုက တဆင့် တွဲဆက်ထားတာတွေဟာ ယနေ့ခေတ်ရဲ့ ဘဝဖြစ်ရပ်တွေစိတ်မြွာမှု fragmented သဘောတရားကို ပုံရိပ်တွေကတဆင့် တွေ့ကြုံလိုက်ရတယ်။ ခေတ်ဟောင်းနဲ့ ခေတ်သစ်ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ်ပြီး ဖန်တီးထားတဲ့လက်ရာတွေက အတိတ်နဲ့ပစ္စုပ္ပန်ကို တစ်ဆက်တည်းဖြစ်စေတယ်။
အဲ့နောက်မှာ ကျွန်တော်တို့ ဆိပ်ကမ်းသာလမ်းရှိ ကာလစ ပြခန်းကို သွားရောက်ကြတယ်။ ထိုနေရာမှာ ကျွန်တော့် အတွက် ခေတ်ပြိုင်အတွေ့အကြုံကြားထဲက အနုပညာဆန်တဲ့ installation art တခု တွေ့မိခဲ့တယ်။ အဲ့ဒါက မမေဖူးသက်ရဲ့ ဆက်သွယ်ခြင်းအတွက် Pavilion ပဲ။ အနုပညာရှင်ရဲ့ ရပ်တည်ချက်ကတော့ Covid ကြောင့် လူတွေဝေးကွာ ယဉ်ကျေးမှု ၊ပွဲလမ်းသဘင်ကူးလူးဆက်ဆံမှုတွေ လျှော့ကြတဲ့အခါ ပြန်လည် ဆက်သွယ်ဖို့ အွန်လိုင်းကနေ ပိတ်စတွေ လှူဒါန်းဖို့ လှုံဆော်ပြီးအဲ့တာတွေကို ပြန်လည် ချုပ်လုပ်တွဲစပ်ထားတဲ့ လက်ရာ လို့ ဖော်ပြထားပါတယ်။
မေဖူးသက်၏ ဆက်သွယ်ခြင်းအတွက် Pavilion၊ installation art မြင်ကွင်းတစ်ခု၊ (ဓာတ်ပုံ-သန်းဆန်)
ကျွန်တော် ရဲ့ ခေတ်ပြိုင်အနုပညာ ဆက်စပ်တွေးမြင်အရ ဒီဖော်ပြချက်မှာ ယနေ့ခေတ် ပုံရိပ်တွေ၊ ကူးလူးဆက်သွယ်မှုတွေ တွေ့ရတယ်။ ပထမတချက်က ဒီဂျစ်တယ်နည်းပညာအကူအညီတွေနဲ့ လူသားဟာ ကပ်ရောဂါအတွင်းပြောင်းလဲသွားတဲ့ လှူမှုဆက်ဆံရေးအသစ်ပဲ၊ ပထဝီအနေအထားဝေးကွာပေမယ့် လူအများပေါင်းစည်မှုနဲ့ အနုပညာလက်ရာတခုကို collective art အနေနဲ့ ပြနိုင်တယ်။ နောက်ပြီး အထည်အလိပ် အဝတ်အစတွေ ဆိုတာ ပွဲလမ်းသဘင်တွေမှာ ဆင်ယင်ကြတယ်ဆိုတဲ့ သီးခြားလက္ခဏာတွေပါဝင်ကြတယ်။ စုပေါင်းအမှတ်သညာတွေ နဲ့အတူ လူတွေရဲ့ ရောဂါဒဏ်ကို ကြံကြံခံနိုင်စွမ်းရှိတယ်ဆိုတဲ့ အမြင်တွေတွေ့ရတယ်။ နောက်ထပ် ထင်ရှားတာက မမေဖူးသက်ဟာ တဦးတည်းဖန်တီးသူနေရာကနေ လမ်းညွှန်ပေးသူ facilitator အဖြစ်ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ ဒါဟာ အနုပညာလောကမှာ ခေတ်စားလာတဲ့ Art as a Social Practice (လူမှုရေးအလေ့အကျင့်တစ်ခုအဖြစ် အနုပညာ) လိုခေါ်တဲ့ အနုပညာလက်ရာဖန်တီးမှုပုံစံ ဖြစ်ပါတယ်။ အနုပညာလက်ရာဟာ နောက်ဆုံးရလဒ်ထက် လူတွေပါဝင်တဲ့ လုပ်ငန်းစဉ် (process) က ပိုအရေးပါလာတာကို ပြသနေပါတယ်။
ပြီးတာနဲ့ ကျွန်တော်တို့ဟာ အဲ့အနားမှာရှိတဲ့ ပန်းဆိုးတန်းလမ်းထောင့်က လောကနတ်ပြပွဲကို သွားရောက်ကြည့်ရှူခဲ့တယ်။ အဲ့ ထဲမှာ ကျနော်အတွက် မှတ်မှတ်ထင်ထင်ဖြစ်ရတဲ့ ခေတ်ပြိုင်လက်ရာ တခု ရဲ့ ရှိမှုကို သိလိုက်ရတယ်။ အဲ့တာက ဆေးထိုးအပ်တွေ ဆံပင်ချည်တွေကို စုပြုံထားပြီး။ သမိုင်းဟာ တပတ်ပြန်လည်လာပြီ “ History repeat itself “ ဆိုတဲ့ အနုပညာရှင် ကောင်းဆုရဲ့ installation art ဖော်ပြချက်ပဲ။
History repeat itself, installation art by Kaung Su, Photo by Than San
ကျွန်တော် မြင်မြင်ချင်းခံစားလိုက်ရတာက ဒါဟာမျက်မှောက်ခေတ်ကြီးရဲ့ ရောဂါတွေ ဝေဒနာခံစားမှုတွေ ဆိုတာပဲ။ ဆက်စပ်ပြီး ထပ်တွေးမိတာက ဆေးထိုးပြွန်ဟာ ဆေးစွဲတာ ၊ မူးယစ်ဆေးတွေ၊ ကျန်းမာရေး စရိတ်တွေ စတဲ့ စိန်ခေါ်မှုတွေ ဒါတင်မက စီးပွါးရေးပြသနာတွေ၊ စစ်ပွဲရဲ့အကျိုးဆက် လူတွေရဲ့ ဒဏ်ရာ အနာတရ တွေ၊ သဘာဝပတ်ဝန်းကျင်အပေါ် စွန့်ပစ်အမှိူက်သရိုက်တွေ စတဲ့ ကမ္ဘာလုံးဆိုင်ရာပြသနာတွေက history repeat itself ဆိုတဲ့ စာသားနဲ့ တွဲကြည့်လိုက်ရင် ထပ်ခါ ထပ်ခါ ပြန်ပြန် လာနေတာကိုတွေ့ရတယ်။ သမိုင်းရဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေကနေ လူသားတွေက သင်ခန်းစာမယူနိုင်သေးဘူးလို့ ခါးသီးတဲ့အမှန်တရားတခုအနေနဲ့ တွေးဆမိတယ်။
ပြီးတာနဲ့ ကျွန်တော်တို့ဟာ ဝန်ကြီးများရုံးမှာ နေ့လည်စာ သွားစားကြပြီး ၄၁ လမ်း နှင့် ၄၇လမ်းရှိ ဒို့အိမ် အဆောက်အဦးရဲ့ ပြခန်းရှိရာဆီသို့ ချီတတ်လာပါတယ်။ မျက်မှောက်ခေတ်ရဲ့ အတွေ့အကြုံအပြင် သမိုင်းဆိုင်ရာ ယုံကြည်မှု mythတွေ ကနေ တဆင့် လက်ရှိမျက်မှောက်ခေတ် ရဲ့ အတွေ့အကြုံတွေကိုပါ ဆက်လက်လက်ဆင့်ကမ်းသယ်ဆောင်လာကြသေးလားဆိုတာကို ထုတ်ဖော်ပြတဲ့ စိုင်းမွန်ရဲ့ psyche ပန်းချီကားနဲ့ ရှမ်းရိုးရာ ကုက္ကား နဲ့ installation ကို ရင်သပ်ရှုမောရပါတယ်။ အနုပညာရှင်ရဲ့ ဖော်ပြချက်က psyche ဆိုတာ အီဂျစ်မှာ ဝိဉာဉ် ကိုရော လိပ်ပြာကိုရော ခေါ်ကြပါတယ်။ မတူညီတဲ့ လူမျိုးတွေမှာလည်း လိပ်ပြာနဲ့ ဝိညာဉ်ကို ဆက်စပ်တဲ့ ဓလေ့ယုံကြည်မှုဆိုင်ရာလက်ရာ ရှမ်းကုက္ကား နဲ့ ရှမ်းလူမျိုးတမျိုး ရဲ့ ယုံကြည်မှုဆိုင်ရာ ရှိ ရပ်အနေနဲ့ ဖော်ထုတ်ပြတယ်လို့ယူဆမိတယ်။
Psyche (Series) by Sai Moon, Acrylic on Canvas at Exhibition – Shi, Doh Eain, Yangon. Photo by Than San
အဲ့မှာလည်း ကျွန်တော်ရဲ့ ဆင့်ပွါးအာရုံခံစားမှု တချို့ ပြန်လှန် အမှတ်ရလိုပါတယ်။ ပန်းချီလက်ရာဖော်ပြချက်အရခေါင်းနှစ်လုံးကြားထဲမှာ လိပ်ပြာတခုပဲ ရှိပါတယ်။ ဦးနှောက်တွေ မတူညီတဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ကွဲပြားခြားနားစွာ ဆန့်ကျင်စွာတည်ရှိနေလည်း နှလုံးသားခံစားမှု ၊ ဝိဉာဉ်ပိုင်းဆိုင်ရာ တွေက တော့ လူသားတွေမှာ တူညီနေဆဲဖြစ်ပါတယ်။ လူတွေရဲ့ ကွဲပြားနေမှုကို သဟဇာတဖြစ်အောင် လိပ်ပြာ သင်္ကေတ စိတ်ဝိဉာဉ်က ထိန်းထားပေးပါတယ်။ လူတွေရဲ့ မတူညီကွဲပြားမှုက လွတ်လပ်ပြီး လှပတယ်လို့လည်း ဆိုနိုင်ပါတယ်။
ညနေစောင်းသွားတော့ ကျွန်တော်တို့တွေ အနုပညာရှိရာ ပို့ဆောင်ပေးရာ ဘတ်စ်ကားနဲ့အတူ ကျောက်မြောင်းရှိ အရသာခံနေရာလေးကို အချိန်ရဲ့ရွေ့လျားမှုနဲ့အတူ ဆက်လက်လိုက်ပါခဲ့တယ်။ အဲ့နေ့က အနုပညာရှင်စကားဝိုင်းတခု အဲ့မှာ ကျင်းပခဲ့ပေမဲ့ အချိန် နဲ့ ကာလတရား အကန့်အသက် ကြောင့် ပါဝင်မှုမပြုလုပ်မိခဲ့ပါဘူး။ အရသာခံ မှာ ပြထားတဲ့ ပန်းချီအများစုက ချောက်ခြားဖွယ်ရာ အနိဌာရုံတွေလို့ ခံစားရပါတယ်။ ဒါအပြင် သွေးသံရဲရဲပုံတွေ၊ ချောက်ချားဖွယ်ရာ သရဲတစ္ဆေပုံတွေပါတဲ့ ပန်းချီတွေက ကျွန်တော်တို့ရဲ့ စိတ်အာရုံကို နှိုးဆွပြီး၊ ခေတ်ပြိုင် အနုပညာဆိုတာ လှပတဲ့အရာတစ်ခု တည်းမဟုတ်ဘဲ၊ ရင်ဆိုင်ရခက်တဲ့ အမှန်တရားတွေကိုပါ ဖော်ပြနိုင်တယ်ဆိုတာကို သတိရစေခဲ့တယ်။
.....
ပွဲကနေ အိမ်ပြန်လာတဲ့ လမ်းတလျှောက် စိတ်ထဲ မှာ အမှတ်ရနေတဲ့ လက်ရာတွေ၊ ပုံရိပ်တွေ ၊ ပန်းချီကားတွေ၊ installation art တွေ စသဖြင့် စိတ်ဝိဉာဉ်ထဲ နှလုံးသားနေရာထဲထိ ကိန်းအောင်းအရာတွေထဲမှာ ဆေးထိုးအပ်တွေ၊ခွဲစိတ်ခန်းသုံး mask တွေကို စုပြုံထားတဲ့ installation က ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံးအတိတ်ကာလနဲ့ စုပေါင်းခံစားခဲ့ရတဲ့ ခံစားချက်တွေကို ပြန်လည်အမှတ်ရစေတယ်။ ကုတင်တွေပေါ်မှာ ဖြန့်ကျဲထားတဲ့ နေကြာပန်းစာတွေက အလှအပနဲ့ပျက်စီးခြင်းကို တစ်ချိန်တည်းမှာ ဖော်ပြနေသလိုပဲ။ ဆေးရည်စိမ်ထားတဲ့ အပင်ငယ်လေးတွေနဲ့ ပိုးကောင်တွေက အချိန်ကို တန့်သွားစေပြီး သက်ရှိတွေရဲ့ သဘာဝဖြစ်စဉ်ကို ဆင်ခြင်စေတယ်။
ပြခန်းတစ်ခုစီဟာ သူ့အသက်နဲ့သူ၊ သူ့ပုံပြင်နဲ့သူ တိတ်ဆိတ်စွာ ရှိနေတတ်တယ်လို့ ကျွန်တော် ခံစားရတယ်။ Myanm/art ပြခန်း ဟာဆိုရင် အတိတ်ရဲ့ သက်မဲ့အကျိုးအပဲ့တွေကို အတိတ်နဲ့ပစ္စုပ္ပန်ကို တွဲစပ်ပြီး ရေရွတ်နေတဲ့ တိတ်တိတ်ကလေးညည်းတွားသံတစ်ခုလိုပဲ။ အဲဒီမှာ ပစ္စုပ္ပန်ဆိုတာ ဘယ်လိုဖြစ်တည်လာတယ်ဆိုတာကို တီးတိုးရွတ်ဆိုနေတဲ့ အတိတ်ရဲ့အရိပ်တွေနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင်ရတယ်။
လောကနတ်ပြခန်းကတော့ အဲဒီအတိတ်ရဲ့အသံတွေကို နယ်နိမိတ်တွေကျော်လွန်ပြီး ကမ္ဘာ့လုံးဆိုင်ရာပါဝင်တဲ့သမိုင်းကြောင်းကြီးရဲ့ လမ်းကြောင်းတွေနဲ့ ယှဉ်ပြနေပြန်တယ်။ ကျွန်တော်တို့ရဲ့ အာရုံတွေကနေတဆင့် ပိုပြီးကျယ်ပြန့်တဲ့၊ လူသားအားလုံးပိုင်တဲ့ စုပေါင်းအတွေ့အကြုံတွေထဲကို ထိုးဖောက်ဝင်ရောက်စေတယ်။ ကာလစပြခန်း ကတော့ လောကဓံရဲ့ခါးသီးမှု၊ ကပ်ဆိုးတွေအောက်မှာ ကျရောက်ခဲ့တဲ့ လူသားတစ်ယောက်ရဲ့ အနုပညာနဲ့ ပြန်လည်ထူထောင်ခြင်းကို ပဲ့တင်ထပ်စေတဲ့ အသံတစ်ခုလိုပဲ။ ကပ်ဆိုးကြီးက ပေးတဲ့ဒဏ်ရာတွေကို အနုပညာနဲ့အတူ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ပူးပေါင်းပါဝင်ခြင်းရဲ့ ခွန်အားကို မျက်မှောက်ပြုရတယ်။
ဒို့အိမ်ပြခန်းကို ဖြတ်သန်းတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ အုပ်စုလိုက်စိတ်ဝိညာဉ်တွေ၊ မြို့ပြရဲ့ ပုံရိပ်ယောင်တွေ၊ လူမျိုးစုတွေရဲ့ စုပေါင်းစိတ်ဓာတ် Collective Mind တွေဟာ ဒဏ္ဍာရီပုံပြင်တွေထဲကနေ ထွက်ပေါ်လာသလို ခံစားရတယ်။ အဲဒီပုံပြင်တွေဟာ ခုချိန်ထိ အသက်ရှင်လျက်ရှိပြီး အဓိပ္ပာယ်သစ်တွေကို ဖွင့်ဆိုလို့ရနေသေးတယ်။
အရသာခံပြခန်းကတော့ ကျွန်တော်တို့ ရှောင်လွှဲလိုတဲ့၊ မျက်ကွယ်ပြုလိုတဲ့ သေခြင်းတရား၊ အကျည်းတန်မှုတွေ၊ သွေးစက်တွေ၊ သရဲတစ္ဆေ တွေနဲ့ နီးနီးကပ်ကပ် ရင်ဆိုင်စေတယ်။ ဒါဟာ လူတွေရဲ့ဘေးနားမှာ အမြဲတစေရှိနေတဲ့၊ သို့သော်လည်း မေ့ထားခံရတဲ့ အမှန်တရားတစ်ခုရဲ့ အစွန်းတွေကို ထိုးပြနေခြင်းပဲ။ ကျွန်တော်အမြင်မှာတော့ ဒီပြခန်းတွေအားလုံးဟာ သီးခြားစီရပ်တည်နေပေမဲ့ ကျွန်တော်တို့ရဲ့ အတွင်းစိတ်နဲ့ လောကကြီးကို ချိတ်ဆက်ပေးတဲ့ မှန်တစ်ချပ်စီလိုပါပဲ။ တစ်ခုချင်းစီဟာ မတူညီတဲ့ လမ်းကြောင်းတွေကနေတဆင့် ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်ကို ထပ်မံဆန်းစစ်ဖို့ ဖိတ်ခေါ်နေကြတာပါ။
.....
ယနေ့ခေတ် ခေတ်ပြိုင်အနုပညာဟာ အရင်ခေတ်တွေလို အမျိုးအစားသတ်သတ်မှတ်မှတ် ခွဲခြားဖို့မလွယ်တော့ဘူး။ပန်းချီ၊ ပန်းပု၊ စာပေ၊ ရုပ်ရှင်၊ installation စတဲ့နယ်ပယ်တွေက ရောနှောပေါင်းစပ်ပြီး Hybrid ဆန်နေပြီ။ ဒါဆိုရင် ဒီအနုပညာလက်ရာတွေရဲ့ အရည်အသွေးကို ဘယ်လိုဆုံးဖြတ်ကြမလဲ။ အနုပညာဟုတ်မဟုတ် ဘယ်လိုမှတ်ကျောက်တင်ကြမလဲ။ ဒါဟာ အင်မတန်ခက်ခဲတဲ့မေးခွန်းတစ်ခုဖြစ်လာတယ်။ ဒီနေရာမှာ လက်တင်အမေရိက စာရေးဆရာ ဂျော့ဂျ် လူးဝစ္စ ဘော့ဟဲလ် (Jorge Luis Borges) ရဲ့ Latin America writer at work ထဲက အင်တာဗျူးကောက်နုတ်ချက်လေးကို ကိုးကားပြီး တွေးကြည့်ချင်တယ်။
ဘော့ဟဲလ်က ခေတ်ပြိုင်အနုပညာဟာ ကြီးမားလေးနက်တဲ့ အတွေးအခေါ်တွေ ပေးဖို့မလိုပါဘူးလို့ ပြောခဲ့တယ်။ ဒီလိုပေးဖို့ကြိုးစားတာဟာ အမှန်တရားအမျိုးမျိုး (multiple truths) တို့ရဲ့ ပွတ်တိုက်မှုကြားမှာ မလွယ်ကူတော့ဘူး။ ဒါ့ကြောင့် လက်ရာတစ်ခုရဲ့ ရွှင်လန်းမှု (Joy) နဲ့ စိတ်ခံစားမှုဆိုင်ရာ အရသာခံ (emotional sense) က ယနေ့ခေတ်အတွက်အရေးကြီးဆုံးဖြစ်တယ်လို့ သူကဆိုခဲ့တယ်။ ဒီနေရာမှာ ရွှင်လန်းမှု ဆိုတာ ရိုးရိုးအပျော်ရွှင်မဟုတ်ဘဲ၊ အနုပညာလက်ရာတစ်ခုကို ကြည့်ရှုခံစားပြီးတဲ့နောက် ရင်ထဲမှာ ကျန်ရစ်တဲ့ စိတ်ရဲ့ကြည်နူးမှု၊ နှစ်သက်မှု၊ ပျော်ရွှင်မှုမျိုးကို ဆိုလိုတာဖြစ်မယ်လို့ ကျွန်တော်ယူဆမိတယ်။
ယနေ့ခေတ်မှာ လူတွေဟာ သတင်းအချက်အလက်တွေ အမြောက်အမြားကို စားသုံးနေရတာကြောင့်၊ စိတ်ခံစားမှုတွေထုံထိုင်း (numb) နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်။ ဒီလိုအခြေအနေမှာ အတုအယောင်ဖန်တီးထားတဲ့ ရွှင်လန်းမှုနဲ့ စိတ်ခံစားမှုတွေက လူတွေရဲ့ ရင်ထဲအထိ တကယ်ရောက်နိုင်ပါ့မလား။ အနုပညာဆိုတာ အဲဒီအတုအယောင်တွေထဲကနေ ပွင့်ထွက်လာတဲ့ စစ်မှန်တဲ့အတွေ့အကြုံဖြစ်မှသာ လူအဖွဲ့အစည်းက လက်ခံနိုင်ပါလိမ့်မယ်။ အနုပညာရဲ့အနှစ်သာရဟာ အပေါ်ယံအလှအပတစ်ခုတည်းမဟုတ်ဘဲ၊ ကိုယ်တိုင်ရောက်ရှိခြင်း (Being there) ဆိုတဲ့ အတွေ့အကြုံစစ်စစ်ကနေပဲ စိတ်ခံစားမှုအရသာခံကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ Shi ပြပွဲရဲ့ ဘတ်စ်ကားစီးပြီး လှည့်လည်ကြည့်ရှုရတဲ့ အတွေ့အကြုံ၊ ရှေးဟောင်းနဲ့ခေတ်သစ်၊ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှု၊ အမြင်နဲ့ခံစားမှုတွေကို ပေါင်းစပ်ဖန်တီးပေးခဲ့တာဟာ ခေတ်ပြိုင်အနုပညာရဲ့ အနှစ်သာရကို အရှင်းဆုံးဖော်ပြနေတာပါပဲ။ “Shi” ဆိုတဲ့ ပြပွဲဟာ အနုပညာလက်ရာတွေအားလုံးကို စုစည်းပြသရုံသက်သက်မဟုတ်ဘဲ၊ “ကိုယ်တိုင်ရောက်ရှိခြင်း” ဟူသော အနုပညာအတွေ့အကြုံတစ်ခုလုံးကိုကိုယ်စားပြုနေတယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။
…..
ကိုးကားစာအုပ်များ:
1. Shi Exhibition Guide Book
2. Han Kang Nobel prize lecture on 7 December 2024
3. Latin American Writers at work by Paris Review and edit by George Plimpton
4. The Gentleman in the Parlour: A record of a journey from Rangoon to Haiphong by W. Somerset Maugham
Note:
This essay is supported by the Initial Museum of Contemporary Art Myanmar and the Aura Asia Art Foundation, 2025.